အရက်ကြောင့် မုန့်ချိုအိတ် (ပန်ကရိယ) မပျက်စီးစေချင်
အရက်သောက်ရင် အသည်းပျက်စီးမယ်ဆိုတာကို လူအတော်များများသိထားကြပြီးဖြစ်မှာပါ။ ဒါပေမယ့် အရက်က အသည်းတစ်ခုတည်းကိုပဲ ဖျက်စီးနိုင်တာမဟုတ်ပါဘူး။ မုန့်ချိုအိတ်လို့ခေါ်တဲ့ ပန်ကရိယကို ဖျက်ဆီးနိုင်တဲ့ အကြောင်းတရားတွေထဲမှာ အရက်လည်း ပါဝင်နေပါတယ်။
ပန်ကရိယဆိုတာက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိဖို့ အင်ဆူလင်ကိုထုတ်ပေးသလို အစာအိမ် အက်ဆစ်ပမာဏကို ထိန်းညှိပေးဖို့ပါ တာဝန်ယူထားတဲ့ အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းလေး တစ်ခုပါ။
ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာမှာဖြစ်ပါတယ်။
အရက်အလွန်အကျွံသောက်ခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလို ခန္ဓာကိုယ်ရဲ့ အရေးကြီးသော ဟော်မုန်းတွေ (အင်ဆူလင်၊ အစာချေဖျက်တဲ့ အင်ဇိုင်းတွေ စသည့်) ကို ထုတ်ပေးနေတဲ့ မုန့်ချိုအိတ်ကိုလည်း ရောင်ရမ်းနာကျင်ပျက်စီးစေပါတယ်။
အရက်သည် ခန္ဓာကိုယ်အတွင်း ရောက်တဲ့အခါ မုန့်ချိုအိတ်ကို အဆိတ်အတောက်ဖြစ်စေတဲ့ အရာများအဖြစ် ပြောင်းလဲသွားကာ ပန်ကရိယရောင်ရမ်းခြင်း ဖြစ်စေပါတယ်။ နေ့စဥ် အရက်ကို ခန့်မှန်းချေ ၈၀ ဂရမ် သောက်နေလျှင် အနည်းဆုံး ၆ နှစ်ကြာလျှင် ပန်ကရိယဆိုးဝါးစွာ ထိခိုက်နိုင်ပါတယ်။
မုန့်ချိုအိတ်ရောင်လျှင်
- ဗိုက်အောင့်ခြင်း
- ကျောအောင့်ခြင်း
- ဖျားခြင်း
- ပျို့အန်ခြင်း
- အသားအရည်နဲ့ မျက်သားအဖြူဝါခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။
မုန့်ချိုအိတ်ရောင်ရမ်းနေလျက် အရက်ကို ဆက်လက်သောက်နေရင် မုန့်ချိုအိတ်အပြင် အသည်းခြောက်ခြင်းပြသာနာပါ ထပ်ဆင့်ခံစားရနိုင်ပါတယ်။ ဒါ့အပြင် မုန့်ချိုအိတ်ရောင်ရမ်းခြင်းကြောင့် သေဆုံးနှုန်းက ၂-၁၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။
သို့ဖြစ်ပါ၍ ပန်ကရိယလေးကျန်းမာစေဖို့အတွက်
- အရက်ကိုဖြတ်ပါ။ မိမိဘာသာ ဖြတ်ဖို့ ခက်ခဲနေလျှင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ကာ အရက်ဖြတ်စင်တာများ၌ စနစ်တကျ ကုသခံပါ။
- ဆေးလိပ်သောက်သုံးနေရင်လည်း ဖြတ်ပါ
- ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို ရွေးချယ်စားသောက်ပါ
- ဆီကြော်စာတွေ ရှောင်ပါ
- ရေများများ သောက်ပါ
- အဆီမပါတဲ့ ပရိုတင်း စားပါ
- အချို လျှော့စားပါ
- စိတ်ဖိစီးမှုကို ဖြေလျှော့ပါ
ဒီအချက်တွေက ပန်ကရိယလေး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးမယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။
Dr. MMT